ရခိုင်လူမျိုးများ အသက်ထက်တမျှ အမြတ်တနိုးတန်ဖိုးထားသော မဟာမြတ်မုနိဘုရားမှာ ရွှေကပ်ခြင်း ယဉ်ကျေးမှုသည် ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု မဟုတ်ဘဲ ဖျက်ဆီးနေခြင်းနှင့်သာ တူနေကြောင်း ရခိုင်အမျိုးသား လူငယ်စားရေးဆရာလည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်သူ ကိုဂျော်ဂျီက ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့က ကျင်းပသည့် မြောက်ဦးမြို့မှ ရခိုင်အမျိုးသားနေ့ အခမ်းအနား၌ စာပေဟောပြောရာတွင် ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ ရွှေကပ်တာဟာ ကျနော်တို့ ယဉ်ကျေးမှုမဟုတ်ပါ။ အရှေ့တိုင်းကလာတဲ့ ယဉ်ကျေးမှုပါ။ ကျနော်တို့ ရခိုင်သားတွေမှာ ရွှေကပ်တာဟာ နတ်ပင်မှာပဲ ကပ်ပါတယ်။ ဘုရားမှာရွှေကပ်တာဟာ ကျနော်တို့ ယဉ်ကျေးမှုမဟုတ်ပါ။ ဒါဟာ မုနိမြေသား တခုတည်းနဲ့ ဆိုင်တာမဟုတ်ပါ။ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တာပါ။ ဘုရားဟာ တော်တော် ပျက်စီးနေပါပြီ။ ရင်ဘက်တွေမှာ မို့မောက်လို့၊ လက်တွေမှာ မို့မောက်လို့၊ ခန္ဒာကိုယ်တွေမှာ အထုထုအထိပ်ထိပ်။ ဗိုက်နာလို့ ဗိုက်မှာကပ်တယ်၊ ခေါင်းကိုက်လို့ ခေါင်းမှာကိုက်တယ်၊ ရာထူးတက်ချင်လို့ လက်မောင်းတွေမှာ ကပ်တယ်။ ဒါဟာ အလုပ်ပါလား၊ ဘုရားကို ပူဇော်တာမှမဟုတ်ဘဲ ဖျက်ဆီးနေတာပဲ။ ” ဟု ပြောသည်

 

ဘုရားပွင့်တော်မူပြီး ရခိုင်သားများမှာလည်း ဗုဒဘာသာဖြစ်ပွား အချိန်သိပ်မကြာကြောင်း၊ နှစ်ပေါင်းများစွာ ဓည၀တီ ခေတ်ကတည်းက ဝေသာလီ၊ လောင်းကြက်၊ ပရိန်၊ မြောက်ဦးခေတ် တခွင်လုံး ရခိုင်လူမျိုးများ ကိုးကွယ်လာကြသည့် ဘုရားများမှာ ရွှေကပ်သည့် ယဉ်ကျေးမှုသာ ရှိခဲ့မယ်ဆိုလျှင် ယခုအချိန်မှာ ရခိုင်တိုင်းရင်းသားများလည်း ဖူးရမှာမဟုတ်ကြောင်း၊ စာများကိုလည်း ဖတ်လို့ရမှာ မဟုတ်ကြောင်း၊ အားလုံးက ရွှေတုံးရွှေခဲ ဖြစ်သွားလိမ့်မည် ဖြစ်ကြောင်း ဆရာဂျော်ဂျီက ဆိုသည်။

မည့်သည့် အရာဝတ္ထု၊ ပစ္စည်းများမဆို တစ်ကြိမ်တစ်ခါပြုလုပ်ရုံဖြင့် မသိသာဘဲ အကြိမ်ပေါင်းများစွာ ပြုလုပ်ပါက ယင်းအရာဝတ္ထု ပျက်စီးလာသလို ယခု မဟာမြတ်မုနိဘုရားမှာ ယခင်က အကြိမ်ပေါင်းများစွာ ရွှေကပ်ခဲ့သောကြောင့် ယခုအခါမှာ ရုပ်ရည်တောင် ပြောင်းလဲသည့်အတွက် အချိန်မီတားဆီးနိုင်ရန် သမိုင်းသုတေသီများနှင့်ဆွေးနွေးကာ ပညာရှင်များဖြင့် ပြန်ခွာနိုင်အောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။

Development News Journal (Development Media Group)