ကျော်လင်း (ရောင်စုံ)

  သီချင်းသံတွေပျံ့လွင့်နေသည်။ သီချင်းတွေက တေးသံရှင်မျိုးစုံ၏အသံစုံပါဝင်သည်။ ခေတ်ဟောင်း၊ခေတ်သစ်၊ မိုနို၊စတီ ရီယို၊ ဟပ်ဟော့၊ရော့ခ်၊ ပေါ့မျိုးစုံ။  တခါတခါ   မာမာအေးသီင်္ချင်းသံတွေလည်း ကြားရသည်။ မာမာအေးသီချင်းကို နားဝင် ပီတိဖြစ်နေဆဲ စိုင်းစိုင်းခမ်းလှိုင်က တောဂေါ်လီတွေ လုပ်ပစ်လိုက်သည်။ စိုင်းစိုင်းခမ်းလှိုင်၏ သံစဉ်အလိုက် စီးမျောနေခိုက်မှာပဲ ခင်မောင်တိုးက ရောက်ချလာသည်။ ဟာသခွေကို ကြည့်နေသည်လည်းမဟုတ်။ ဆိုကရေးတီးပြိုင်ပွဲတစ်ခုလည်း မဟုတ်ခဲ့။

တစ်လမ်းဝင် တစ်လမ်းထွက်ကာ မြို့တွင်းတွင်တွန်းလှည်းနှင့်ထီရောင်းချနေသော ထီလုပ်သားများ၏နေ့စဉ်ဖြတ်သန်းမှုဖြစ်သည်။

မနက်မိုးလင်းကတည်း တစ်နေကုန် လှည့်လည်ပြီး ထီကံစပ်းလိုသူများကို အားကိုးကာ သက်မွေးဝမ်းကျောင်းပြုနေ သူများဖြစ်သည်။ တခြားသောစီးပွားရေးလုပ်ငန်းများကဲ့သို့ ပစ္စည်းအရေအတွက်ကိုတွက်ချက်ပြီး အမြတ်ငွကို ကြိုတင်ကာ တွေးကြည့်နေဖို့မသေချာ။ စိတ်ကူးအိပ်မက်များမက်ချင်သူတိုင်းအတွက် ကံတရားသည်သူတို့၏ အနာဂတ်ကိုတောက် ပြောင်စေလိမ့်မည်ဟူသော မျှော်လင့်ချက်က စိတ်ပိုင်းဆိုင်ရာထွက်ပေါက်တစ်ခု ဖြစ်နေသလား။ ကိုအောင်လှထီရောင်းလာခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။

လူပျိုဘ၀တုန်းကတော့ ဆောက်လုပ်ရေးဆိုဒ်တွေမှာ လုပ်လိုက် ၊ ပန်းရံလုပ်လိုက်နှင့် ဘ၀ကိုအဆင်ပြေသလိုဖြတ်သန်းခဲ့သည်။ ပြည်မဘက်က အလုပ်သမားတချို့ကို လုပ်ငန်းမကျွမ်းကျင် ပဲ မတန်မဆ ဈေးနှုန်းပိုပေးခြင်း ၊ဒေသခံအလုပ်သမားတို့အား မတရားခေါင်းပုံဖြတ်ခံရမှုများကို တွေ့မြင်လာရသည်ကထီ   ရောင်းချရန် လမ်းစတစ်ခုဖြစ်ခဲ့သည်။  လူတချို့၏ဘ၀စာမျက်နှာသစ်ကို တံခါးတစ်ချပ်ကဲ့သို့ ဖွင့်ပစ်လိုက်နိုင်သည့် ကံဇာ တဆိုသည့်ကိစ္စရပ်အတွက် ရင်ခုန်တပ်မက်သူများရှိနေသရွေ့ ထီရောင်းသောအလုပ်က တွက်ခြေကိုက်သည်ဟုမဆိုသာ သော်လည်း လုပ်စား၍ရသည်ဟု ဆိုရမည်။ သူတို့အခြေအနေက လူတစ်ယောက်၏ တစ်လတာကံကြမ္မာအတွက် တစ် ရက်တာကို ကစားနေကြသည်နှင့်ပင်တူသည်။ ထွက်လာသောချွေးစက်များကို  ဆောင်ယူနေကျပုံပေါက်သော ပုဝါပါးလေး နှင့်သုတ်လိုက်သည်။

“ အရင်တုန်းကအလုပ်တွေကတော့ ကိုယ့်ဘာသာဘာမှစဉ်းစားစရာမလိုဘူး။ အလုပ်လုပ်တယ်။အချိန်စေ့ရင်လုပ်အား ခငွေကို သွားထုတ်ရုံပဲ။ ဒီအလုပ်ကတော့ ဒီနေ့ဘယ်လမ်းကို သွားရမည်။ ဒီတစ်လအတွင်း ဘယ်လမ်းကိုပိုပြီး သွားရမည် ဆိုတာတွေကိုပါ တွေးထားရတယ် ။ တခါတခါ ကိုယ်လည်းတတ်နိုင်တာမဟုတ်ဘူး။ အမြဲတမ်းအားပေးနေသူတွေကို မျက် နှာပူမိတယ်။ လစဉ်ကိုယ်ဆီကထိုးနေပါလျက်နဲ့ မပေါက်တာများသွားရင် တစ်လတစ်လေလုံးဝကို မသွားပဲနေပစ်လိုက်တာ တွေတောင် ရှိတယ်။ သူတို့က ကိုယ်ချင်းစာလို့ ဘာမှမဖြစ်ပါဘူး လာခဲ့ပါဆိုပြီး ခေါ်ကြပါတယ်။ ” ဟု သူ့၏ ဈေးရောင်းရပုံကို ပြောပြသည်။

 

စကားပြောနေစဉ်ထီလာဝယ်သူတွေရှိနေ၍ ရောင်းချသည်။ တချို့က တစ်စောင်ချင်း၊ တချို့က သုံးစောင်စီပါသောတစ်တွဲ ၊ တချို့က ငါးစောင်စီပါသော တစ်တွဲ၊ လစဉ်လကုန်၍ တစ်ပတ်အတွင်းဆိုလျင် ထီပေါက်စဉ်ကိုပါ တွဲရောင်းရသည်။   သေ သေချာချာတွေးကြည့်လျင် ထီလှည့်လည်ရောင်းချရန်အတွက် အရင်းအနှီးမတည်ငွေမှာလည်း  မသေးလှကြောင်း    သိရ   သည်။ ထီအတွက် ရင်းရငွေ ၊ တစ်နေကုန်ဖွင့်နေမည့် တင်ဆက်သွားမည့် လှည့်လည်တေးဂီတ   စရိတ်။ တွန်းလှည်းတစ် စီးအတွက် ကာလပေါက်ဈေး ။ အားလုံးပေါင်းလိုက်လျင် သိန်းဆယ်ဂဏာန်းက သာသာလေးစားရိတ်ပေါက်သည်။ထီလက် လီ ၊ လက်ကားရောင်းသူများမှာလည်း တခါတလေမတန်မဆ အမြတ်များယူနေသည်လည်းရှိကြောင်း သိရသည်။

“ သူတို့ကတစ်စောင်ကို ၂၀၀ ကျပ်နှုန်းနဲ့ဝယ်ရပေမယ့် ကျနော်တို့ကို ၂၈၀ လောက်နဲ့ရောင်းပါတယ်။ တစ်စောင်က ၈၀ ကျပ်အမြတ်ယူတာပေါ့ ။ တစ်ခါတစ်ခါဆိုရင် တစ်စောင်ကို ၃၀၀ ပေးဝယ်ရတဲ့လတွေတောင်ရှိတယ်။   ထီရောင်းရတာက တမြို့လုံးကိုလမ်းလျှေက်ပြီးရောင်းရတာ အမြတ်ကတော့ယူပါ ။တစ်စောင်က၆၀ လောက်ဆိုရင်လည်း သူတို့အတွက်အ များကြီးကျန်ပါတယ်။ ”  ဟု ကိုအောင်လှ ရင်ဖွင့်သည်

မန်မာနိုင်ငံတွင် ထီယဉ်ကျေးမှုအားစတင်ပေါက်ပါက်ခဲ့သည်မှာ ကုန်ဘောင်ခေတ်နှောင်းပိုင်းတွင်ဖြစ်သည်။တိုင်းပြည်တွင် ဘဏ္ဍာငွေနည်းခြင်းကို ကာကွယ်ရန်အတွက် ပြည်သူတို့ထံမှ တစ်ပတ်လှည့်ဖြင့်အခွန်ကောက်ခံနည်း ပင်ဖြစ်သည်။ပါ တော်မှုဘုရင် သီပေါမင်းလက်ထက်တွင် နိုင်ငံတော်ထီ တစ်လနှစ်ကြိမ်ဖွင့်ခဲ့သည်။ ယခုခေတ် သုံးလုံးထီနှင့် ခပ်ဆင်ဆင် တူနေသည်။ ထီပေါ်စတွင်တော့ ပြည်သူတွေက ဘာမှမသိ ။ နောက်မှတချို့တလေထီပေါက်လာသည့်အခါ မျှော်လင့်ချက် ထားလာကြသည်။ ဆင်းရဲမွဲတေမှု၏ထွက်ပေါက်အဖြစ် ထီကိုအဆက်မပြတ်ထိုးလာကြသည်။ ထီကိုလောဘတကြီးထိုးသူ များရှိခဲ့ပြီး ဘ၀ဇာတ်သိမ်းမကောင်းခဲ့ကြသော သက်သေသာဓကများလည်း ရှိခဲ့သည်။

စစ်တွေမြို့တွင် ထီကိုယ်စားလှယ် သုံးဆယ်ကျော်ရှိပြီး ထီရောင်းဝယ်သူ ၃၀၀ ကျော်ရှိသည့်အထဲမှ မင်းကံရပ်ကွက်သည် ထီလုပ်သား အများဆုံးထွက်သည်ဟု သိရသည်။ ထီကိုယ်စားလှယ်များမှာလည်း ငွေကြေးအတော်တန်ပြည့်စုံမှုရှိမှ လုပ်၍ ရသည်။ထီကိုယ်စားလှယ်လုပ်ရန်အတွက် အနည်းဆုံး သိန်းတစ်ရာခန့်ရှိဖို့လိုအပ်သည်ဟု ဆိုသည်။ တချို့ထီရောင်းသူ များ၏ လက်တွန်းလှည်းမှာထီကိုယ်စားလှယ်များထံမှ ထုတ်ပေးရကြောင်း သိရသည်။

 “ ထီရောင်းချပြီးရင် လပေးစနစ်နှင့်ပိုက်ဆံတွေပြန်ရှင်းတဲ့သူတွေရှိတယ် ။တချို့ကတော့အပတ်စဉ်ရှင်းကြပါတယ်။ ကျနော် ကတော့ တစ်နေ့တာတစ်နေ့ပိုက်ဆံရှင်းထားခဲ့ပါတယ်။နားအေးပါးအေး ဖြစ်တာပေါ့။ သူများပိုက်ဆံကိုထားပြီးနေရတာအ နှေင်အဖွဲ့တစ်ခုလိုခံစားနေရတယ်။ ဒါကြောင့် ရောင်းပြီးရင်ပိုက်ဆံရှင်းတယ် ။ တစ်နေ့ လေးထောင်လောက်တော့ကျန်ပါ တယ်။ တခါတလေရောင်းကောင်းရင်တော့ တစ်သောင်းနီးနီးကျန်တဲ့နေ့တွေလည်း ရှိတာပေါ့ ။ဒါပေမယ့် ဖြစ်ခဲပါတယ် ” ဟု ကိုအောင်လှဆက်ပြောသည်။

ကိုအောင်လှတို့ငယ်စဉ်ဘ၀က ထီရောင်းချသည့်ပုံစံမှာ ယခုပုံစံနဲ့ ကွဲပြားသည်။ မြို့ပေါ်ရပ်ကွက်များ၊ကျေးလက်ဒေသများ တွင် တစ်လတစ်ကြိမ်ခန့် လမ်းလျှေက်ပြီးထီရောင်းချတတ်ကြသည်။ ယခုကဲ့သို့နေ့စဉ်ရက်ဆက် ရောင်းချနေမှုများလည်း မရှိခဲ့ ။ မိသားစုတာဝန်ကို ငယ်စဉ်ကတည်းက ထမ်းရွက်လာခဲ့ရသောကိုအောင်လှတို့က ထီလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင် လိုက် ၊ဆောက်လုပ်ရေး ဆိုက်ဒ်များတွင် လုပ်ကိုင်လိုက်နှင့် ဘ၀တွင် အဆင်ပြေသလို လုပ်ကိုင်စားသောက်လာခဲ့သည်။  သို့ရာတွင် ထီလုပ်ငန်းကိုတကျော့ပြန်လုပ်ကိုင်ကြသောအခါ ထီရောင်းချသည့်ပုံစံမှာ အရင်ထက်ကွာဟမှု အများကြီးရှိလာ သည်။ ဘက်ထရီအိုး ၊ဆေင်းဘောက်စ် ၊ တွန်းလှည်းနှင့်စက်ဘီး ၊စသည့်ကိရိယာအစုံအလင်နှင့် ဖြစ်နေကြသည်။ “ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ထီမထိုးရင်တောင် သီချင်းသံလေးတွေကိုကြားနေရတော့အရင်ကထက်ပိုပြီးခေတ် မ်ီသွားပါတယ်။ တစ်လမ်းဝင်တစ်လမ်းထွက်ပြီး အော်နေစရာမလိုတော့ဘူး ။ လူရှိန်တာပေါ့ ။ ” ဟု ပြည်တော်သာ တွင် နေထိုင်သော လူငယ်တစ်ဦးက သူ့အမြင်ကိုပြောသည်။

 ထီရောင်းချပြီးသော ပိုက်ဆံများကိုရေတွက်လျက် ချွေးသုတ်ပုဝါပါးလေးကို သူ့ပုခုံးပေါ်မှာတင်လိုက်သည်။ တွန်းလှည်းကို စတွန်းသည်နှင့် သီချင်းသံများက စတင်ထွက်ပေါ်လာသည်။ ကံစမ်းလိုသူများ၏တစ်လတာကိုဖတ်ရန်အတွက်တစ်နေ့တာ ကံကြမ္မာအားစစ်ဆေးရန် ချီတက်လျက်။ သီချင်းသံများက လမ်းတစ်လျှေက် ပျံဝဲဆဲ။ 

OPINION

Feature

Life

Satire

Business

Book Review

Development News Journal (Development Media Group)